Sunday, April 8, 2018

မဟာယန

မဟာယနနဲ့ ပါတ်သက်ပြီး မကြာခဏမေးတတ်တဲ့ မေးခွန်းတခုကို ဆရာလင်းထက်ဆွေ ပြည့်ပြည့်စုံစုံ ဖြေပြထားတာပါ။ မဟာယနအကြောင်းစိတ်ဝင်စားသူများ ဖတ်နိုင်ပါတယ်။
Friend only နဲ့ သာ တင်ထားလို့  copy and paste လုပ်ပြီး ပြန်တင်လိုက်ပါတယ်။
===============================================
စာဖတ်သူမိတ်ဆွေတစ်ယောက် က မေးခွန်းတစ်ခု လှမ်းမေးတယ်။ သူ့မေးခွန်း က မဟာယာနဗုဒ္ဓဘာသာ ရဟန်းတွေဟာ အိမ်ထောင်ပြုကြသလား တဲ့။

ဒီ မေးခွန်းက တစ်ချက်တည်း ဖြေ ဖို့ခက်တယ်။ ဘာကြောင့်လည်း ဆိုတော့ မဟာယာနဗုဒ္ဓဘာသာ ဆိုတာ တစ်ခုတည်း တစ်ဂိုဏ်းတည်း စုစုစည်းစည်း ရှိနေတဲ့ သံဃာမျိုး မဟုတ်ပဲ နိုင်ငံတွေ အများကြီးမှာ ဆရာစဉ်သမားစဉ်တွေ အများကြီး နဲ့ ခြားနားစွာ တည်ရှိနေကြလို့ပါပဲ။

ဒီမေးခွန်း အတွက် အဖြေကတော့ = အများစုသော မဟာယာန ရဟန်းတော်တွေဟာ အိမ်ထောင်မရှိပါဘူး။ အနည်းစုသော ဂိုဏ်းတွေမှာတော့ အိမ်ထောင်ပြုတာ ရှိတယ်လို့ ပဲ ဆိုရမှာ ဖြစ်ပါတယ်။

အိမ်ထောင်ပြုတဲ့ ရဟန်း ဆိုတာ ဆန်းဆန်းကြယ်ကြယ်စကားလို ဖြစ်နေပေမဲ့ ဂျပန်နိုင်ငံရဲ့ ဗုဒ္ဓဘာသာ မှာ တော့ အဆန်းမဟုတ်ဘူး။ မေဂျီဘုရင်လက်ထက်မှာ ဘုရင် က ရှင်တိုဘာသာ ကိုးကွယ်တယ် ဘုရင်နဲ့ အားပြိုင်နေတဲ့ ရှိုဂန်းတွေ က ဗုဒ္ဓဘာသာဝင်တွေ။ ၁၈၇၂ ခုနှစ်မှာ မေဂျီ ဘုရင်ဟာ ဗုဒ္ဓဘာသာလောက တစ်ခုလုံး ပြောင်းလဲစေမဲ့ နိကုဂျိကုအမိန့်တော်ပြန်တမ်းဆိုတာ ကို ထုတ်ပြန်ခဲ့တယ်။

ဒီ ဥပဒေ ရဲ့ အနှစ်သာရ က ဂျပန် ရဟန်းတော်တွေဟာ အိမ်ထောင်ပြုခွင့် သားသမီး ရရှိခွင့် ပိုင်ဆိုင်မှုတွေ ဆက်ခံခွင့် ရရှိသွားတယ်။ အဲဒီ အရင်ကတည်း က တရားမဝင် အိမ်ထောင်ပြုတာတွေ ရှိကောင်းရှိပေမဲ့ နိကုဂျိကု နောက်ပိုင်းမှာတော့ ဂျပန်ရဟန်းတွေဟာ လွတ်လွတ်လပ်လပ် အိမ်ထောင်ပြုခွင့်ရလာကြတယ်။ ဇင်ဗုဒ္ဓဘာသာ နဲ့ ဂျိုဒိုရှင်ရှုဂိုဏ်းတွေမှာ အများဆုံးတွေ့ရပါတယ်။

ဇင်ဗုဒ္ဓဓမ္မ က လောကီ နဲ့ လောကုတ္တရာ ကို တစ်ထပ်တည်း တစ်သားတည်းပဲ ခံယူထားလို့ သူတို့ အတွက် ပြသနာမရှိသလို အမိတာဘဗုဒ္ဓရှင်တော်ကို အားကိုးယုံကြည်တဲ့ ဂျိုဒိုဂိုဏ်း အတွက် လည်း လူတစ်ယောက်ဟာ ဘုရားရှင်ကို ဘယ်လောက်ကြည်ညိုဆက်ကပ်တယ်ဆိုတာ ကပဲ အဆုံးအဖြတ်ပေးပြီးတော့ အိမ်ထောင် ရှိ မရှိ ကိစ္စ ဟာ သိပ် အရေးကြီးပုံမရဘူးပေါ့။

ကိုရီးယား ဗုဒ္ဓဘာသာမှာတော့ ရဟန်းတွေ အိမ်ထောင်မပြုကြပါဘူး။ ဒါပေမဲ့ ကိုရီးယား ကို ဂျပန်တွေ ၀င်သိမ်းထားခဲ့ချိန်ကာလတွေမှာ ဂျပန်ယဉ်ကျေးမှု ကူးစက်လာလို့ ကိုရီးယား ရဟန်းတစ်ချို့ အိမ်ထောင်ပြုကြတာတွေ ရှိပေမဲ့ နောက်ပိုင်းမှာ ဒီ ဓလေ့ ကို ပြန်တိုက်ဖျက်လိုက်တယ်လို့ ဆိုပါတယ်။

တရုတ် မဟာယာနဗုဒ္ဓဘာသာမှာတော့ အိမ်ထောင်ပြုတဲ့ ဂိုဏ်းရယ်လို့ မရှိပါဘူး။ ရဟန်းတွေအားလုံး ဓမ္မဂုတ္တက၀ိနည်းနဲ့ ကျင့်ဆောင် နေထိုင်ကြရပါတယ်။

တိဗက်ဗုဒ္ဓဘာသာမှာတော့ အဓိက ဂိုဏ်းကြီး၎ ဂိုဏ်းရှိတဲ့ အထဲ က အကြီးဆုံးဖြစ်တဲ့ ဂီလုဂ်ပ ဂိုဏ်းမှာ ရဟန်းတော်တွေဟာ ၂၅၃ ပါးသော မူလသဗ္ဗတ္တိဝါဒ၀ိနည်းတော်ကို စောင့်ထိန်းရလို့ အိမ်ထောင် မပြုကြပါဘူး။ ထေရ၀ါဒ ရဟန်းတော်တွေ နဲ့ အတူတူပဲ ဖြစ်တယ်။

ရှေးအကျဆုံး ညိန်မပဂိုဏ်းမှာ ဘိက္ခုရဟန်းတွေ ရှိတယ်။သူတို့ က အိမ်ထောင်မပြုပါဘူး။ ဒါပေမဲ့ ငက်ပ Ngakpa လို့ ခေါ်တဲ့ အဖြူဝတ်ယောဂီတွေ ရှိတယ်။ သူတို့ ကတော့ အိမ်ထောင်ရှိပါတယ်။ ဒါပေမဲ့ ညိန်မပ မှာ အိမ်ထောင်ရှိခြင်း မရှိခြင်းဟာ အဓိကအတိုင်းအတာ မဟုတ်ပဲ တရားသိမြင်မှု နဲ့ ဓမ္မအစဉ်အလာ ကိုပဲ ရှေ့တန်းတင်တာတွေ့ရတယ်။ ငက်ပတွေ ဇော့ချန်ယောဂီတွေ လည်း သာသနာပိုင်လောက်အထိ ဖြစ်ကြပါတယ်။

ငက်ပတွေ ဟာ တန္တရစ်အိမ်ထောင်ပြုခြင်းကို ဆရာတွေ ရဲ့ ရွေးချယ်ခွင့်ပြုမှု နဲ့ လုပ်ကြပါတယ်။ အဆင့်မြင့်ပေါက်မြောက်မှုတွေ ရှိပြီးသား ကျား-မ ယောဂီတွေ တန္တရကျင့်စဉ်အတွက် လက်ဆက်ကြတာ ပါပဲ။ ဒီလို ဆန်းကြယ်တဲ့ အစဉ်အလာတွေ ရှိပါတယ်။ လိင်စွမ်းအင် ကို ဗောဓိစွမ်းအင်ဖြစ်အောင် ပြောင်းလဲတဲ့ ဖြစ်စဉ်မှာ တန္တရယောဂ ကို အသုံးချဖို့ အတွက် စုံတွဲလေ့ကျင့်ကြရပါတယ်။

နောက်ဆန်းပြားတဲ့ ဓလေ့တစ်ခုကတော့ ဆကျ-ပ ဂိုဏ်းမှာ ဦးလေး က တူ ကို အရိုက်အရာ လွဲပေးတဲ့ စနစ် ရှိနေတာပါ။ အဲဒီ ဂိုဏ်းမှာ ဆကျ-ပ ရဟန်းတွေဟာ ကလေးမရခင် အထိ အိမ်ထောင်နဲ့နေပါတယ်။ ကလေးရပြီးတဲ့ အခါ ရဟန်းသိက္ခာနဲ့ ဆက်နေကြပါသတဲ့။ တိဗက်ရဲ့ နိုင်ငံရေးသမိုင်းကြောင်း အရ ဖြစ်ပေါ်လာရတဲ့ ဓလေ့တစ်ခု လို့သာ ဆိုရပါလိမ့်မယ်။

ကာဂျု-ပ ဂိုဏ်းမှာတော့ ဂီလုဂ်ပ လိုပဲ ရဟန်းတွေဟာ ၀ိနည်းနဲ့နေကြရပါတယ်။ လူ လားမားဆရာတော်တွေ လည်း ရှိပါတယ်။ လားမား ဆိုတာတိုင်း ရဟန်းမဟုတ်ပါဘူး။ ရင်ပိုချီဆိုတိုင်းလည်း ရဟန်း မဟုတ်ပါဘူး။ တစ်ခါတစ်ရံ လာမားတွေ ရဲ့ ၀တ်စားပုံ ကရဟန်းတွေ နဲ့ ဆင်တူနေပြန်တော့ ခွဲရခက်နေပြန်ပါတယ်။ ကာဂျူ မှာ နှစ်မျိုးစလုံး ရှိနေတယ်လို့ ပဲ ဆိုရပါလိမ့်မယ်။

မဟာယာနဗုဒ္ဓဘာသာဟာ ဗောဓိသတ္တလမ်းစဉ် ဖြစ်တဲ့ အတွက် လူဖြစ်ဖြစ် ယောဂီဖြစ်ဖြစ် ရဟန်ုးဖြစ်ဖြစ် ကိုယ့်ဘ၀နေဟန် နဲ့ ကိုက်ညီတဲ့ စည်းကမ်းတွေ ကိုလိုက်နာကြဖို့ ပဲ ဖြစ်ပြီး ရဟန်း က လူထက် အခါခပ်သိမ်း ပိုမြင့်မြတ်တယ်ဆိုတဲ့ အမြင်မျိုး မရှိတာ ကို တွေ့ရကြောင်း တင်ပြလိုက်ရပါတယ်။
လင်းထက်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Search_Enging

Search_Enging =============== အကြောင်းအရာ တခုခုကိုလိုချင်​ ရှာချင်​ရင်​ ဘယ်​ကရှာလဲ? အယောက်​ ၁၀၀ ရဲ့ အဖြေက www.Google.com 👨‍...